ဒီနှစ်မှာမှ ပထမဆုံးအနေနဲ့ ၄၈ သင်းနဲ့ သမိုင်းတလျှောက် အသင်းအများဆုံးနဲ့ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကြီးကတော့ အုပ်စုနောက်ဆုံးပွဲစဉ်တွေဆီ ရောက်ရှိလို့လာပါပြီ။ အုပ်စုဒုတိယမြောက်ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၂၃ နဲ့ ၂၄ ရက်တွေမှာ ကစားခဲ့တာမှာ နာမည်ကြီး ပေါ်တူဂီတို့ ရော်နယ်ဒိုရဲ့ဂိုးတွေနဲ့အတူ ဥဇဘက်ကို ၅ ဂိုးပြတ်နိုင်ခဲ့သလို အုပ်စုတွင်းပြိုင်ဘက် ကိုလံဘီယာလည်း ကွန်ဂိုကိုနိုင်ပြီး နောက်တစ်ဆင့်တက်လှမ်းသွားပါပြီ။ အင်္ဂလန်တို့ကတော့ ဂါနာကို ဂိုးမသွင်းနိုင်ခဲ့လို့ သရေပဲရခဲ့ပါတယ်။ ခရိုအေးရှားကတော့ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို စုဆောင်းနိုင်ခဲ့လို့ နောက်တစ်ဆင့်တက်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
မနက်ဖြန် ဇွန်လ ၂၅ ရက်မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို အုပ်စုအလိုက် အချိန်တူကစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အရင်လို နှစ်ရက် ၄ ပွဲမဟုတ်တော့ဘဲ တစ်ရက်တည်းကို ၆ ပွဲအထိ ကြည့်ရဖို့ရှိနေတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ မနက်ဖြန်မှာကန်မယ့်ပွဲစဉ်တွေကို ခန့်မှန်းပေးသွားပါတော့မယ်။
(၁) ဆွစ်ဇာလန်နဲ့ ကနေဒါ(ဇွန် ၂၅၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ)
ဒီပွဲကတော့ အုပ်စု B ရဲ့ အကောင်းဆုံးနှစ်သင်း ယှဉ်ပြိုင်မှုဖြစ်ပါတယ်။ ရှေ့ပွဲစဉ်တွေမှာပြသခဲ့တဲ့ ခြေစွမ်းတွေအရ နှစ်သင်းလုံးက အသင်းကောင်းတွေဆိုတာ သက်သေပြထားကြပြီဖြစ်ပါတယ်။ နှစ်သင်းလုံးက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားလို့ ၄ မှတ်စီ ရထားကြပြီးဖြစ်ပါတယ်။ ဒီတော့ ဒီပွဲကို သရေကန်ရုံနဲ့ နောက်တစ်ဆင့်ကို အတူတူတက်လှမ်းသွားနိုင်ကြမှာဖြစ်ပါတယ်။ ဆွစ်ဇာလန် နိုင်သွားရင်းတော့ ကနေဒါက အုပ်စုဗိုလ်နေရာက ဖယ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်သင်းလုံးထိန်းကစားသွားကြဖို့ရှိနေပြီး မျှတတဲ့ သရေရလဒ်ပဲ ထွက်လာဖို့ များနေပါတယ်။ နှစ်သင်းတွေ့ဆုံမှု သမိုင်းကြောင်းမှာတော့ ၂၀၀၂ ခုနှစ်တုန်းက Friendly Match ကစားဖူးပြီး ကနေဒါက ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းက သိပ်မကွာတာကြောင့် သရေရလဒ်ကိုပဲ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – ကနေဒါ ၀ – ၀ ဆွစ်ဇာလန် (သို့မဟုတ်) ကနေဒါ ၁ – ၁ ဆွစ်ဇာလန်
(၂) ဘော့စနီးယားနဲ့ ကာတာ(ဇွန် ၂၅၊ မြန်မာစံတော်ချိန် ၁ နာရီခွဲ)
ဒီပွဲမှာ နိုင်တဲ့အသင်းက ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်ဖြစ်တဲ့ အကောင်းဆုံး အုပ်စုတတိယဆိုတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ခွင့်ရသွားနိုင်ပါတယ်။ နှစ်သင်းလုံးက သင်္ချာနည်းအရ တွက်မယ်ဆိုရင် အပေါ်နှစ်သင်းက တစ်သင်းသင်းရှုံးရင် အဆင့် ၂ ကို လှမ်းကိုင်နိုင်ဖွယ်ရှိပေမဲ့ တွက်ချက်နည်းရ Face to Face နဲ့တွက်တဲ့အခါ အဲဒီအဆင့်ကို ဘော့စနီးယားနဲ့ ကာတာတို့ နှစ်သင်းလုံး မရနိုင်ပါဘူး။ ဒါကြောင့် အုပ်စုတတိယအကောင်းဆုံးဆိုတဲ့ကို မျှော်လင့်နိုင်ဖို့ နှစ်သင်းလုံးဖောင်ဖျက်ကစားသွားရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ကစားအားနဲ့ လူစာရင်းသာပြီး အမြင့်ဘောကောင်းတဲ့ ဘော့စနီးယားကို ကာတာတို့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ ဒီပွဲက အပြန်အလှန်ကစားရင်း ဘော့စနီးယားနိုင်သွားဖို့ အခွင့်အရေးများပါတယ်။
ခန့်မှန်းဂိုးရလဒ် – ဘော့စနီးယား ၂ – ၁ ကာတာ (သို့မဟုတ်) ဘော့စနီးယား ၁ – ၀ ကာတာ
(၃) မော်ရိုကိုနဲ့ ဟေတီ(ဇွန် ၂၅၊ မြန်မာစံတော်ချိန် နံနက် ၄ နာရီခွဲ)
ဒီပွဲက မော်ရိုကိုပါပဲဆိုတာနဲ့ပဲ ဖွင့်လိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိခြေစွမ်းနဲ့ စုဖွဲ့မှုတွေအရ ဟေတီက မော်ရိုကိုရဲ့ ပြိုင်ဘက်မဟုတ်တာ သေချာနေတာကြောင့်ပါ။ နောက်ထပ်တစ်ချက်ရှိနေတာက မော်ရိုကိုအတွက် ဒီပွဲကို နိုင်မှ နောက်တစ်ဆင့်တက်လှမ်းရေး သေချာမှာဖြစ်တာကြောင့်ပါ။ ဟိုဘက်က ၄ မှတ်ရ ဘရာဇီးလ်နဲ့ ၃ မှတ်ရထားတဲ့ စကော့တလန်တို့ တွေ့မှာဖြစ်တာကြောင့် ဒီပွဲအတွက် ကိုယ့်ကံကြမ္မာကို ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ မော်ရိုကိုတို့ပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – မော်ရိုကို ၂ – ၀ ဟေတီ (သို့မဟုတ်) မော်ရိုကို ၃ – ၁ ဟေတီ
(၄) စကော့တလန်နဲ့ ဘရာဇီးလ်(ဇွန် ၂၅၊ မြန်မာစံတော်ချိန် မနက် ၄ နာရီခွဲ)
မော်ရိုကိုကို မနိုင်ခဲ့တဲ့ ဘရာဇီးလ်တို့ ဒီပွဲကို ခက်ခက်ခဲခဲကစားရမယ့်အခြေအနေမှာရှိနေပါတယ်။ စကော့တလန်ကလည်း မော်ရိုကိုကို အရှုံးပေးခဲ့ရတာကြောင့် ဒီပွဲကို ရုန်းကန်ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မော်ရိုကိုကြောင့် အဆုံးအဖြတ်ကစားရမည့်အခြေအနေမှာရှိနေပါတယ်။ ဟိုဘက်က မော်ရိုကိုသာနိုင်သွားရင် ဘရာဇီးလ်က ဒီပွဲမနိုင်ရင် အုပ်စုဒုတိယနဲ့ ကျေနပ်ရမှာဖြစ်သလို စကော့တလန်ကလည်း ဒီပွဲမှာ ၁ မှတ်မှမရရင် အုပ်စုကနေ လှည့်ပြန်သွားနိုင်ရပါတယ်။ ဒါကြောင့် ဒီပွဲက အကြိတ်အနယ်ရှိလာနိုင်တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ သမိုင်းကြောင်းအရ နှစ်သင်းတွေ့ဆုံမှု ငါးကြိမ်မှာတော့ ဘရာဇီးလ်တို့က ၄ ကြိမ်အထိ နိုင်ထားသလို ဘရာဇီးလ်ဂိုးမသွင်းနိုင်ခဲ့တဲ့ တစ်ပွဲပဲ သရေကျထားပါတယ်။
ဒီပွဲကို အများက ဘရာဇီးလ်ကို ပေးထားကြသလို MPA အနေနဲ့လည်း ဘရာဇီးလ်ဘက်ကပဲ ရပ်တည်ထားချင်ပါတယ်။ ဘရာဇီးလ်အနိုင်နဲ့ ဂိုးပေါ်ကို အားရနေပါတယ်။
ခန့်မှန်းဂိုးရလဒ် – ဘရာဇီးလ် ၂ – ၁ စကော့တလန်၊ ဘရာဇီးလ် ၃ – ၁ စကော့တလန်
(၅) တောင်အာဖရိကနဲ့ တောင်ကိုရီးယား(ဇွန် ၂၅၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲ)
တောင်ဘက်က နှစ်သင်းတွေ့ဆုံကြတဲ့သဘောပါ။ ဒါပေမဲ့ အာဖရိကနဲ့ အာရှဆိုပြီး တိုက်ချင်းတော့ခြားနားကြပါတယ်။ အဓိက ကစားသမား နှစ်ယောက် အနီကတ်ထိထားတဲ့ တောင်အာဖရိကက ချက်ကို သရေကစားထားနိုင်လို့ သရေ ၁ မှတ်ရထားပြီး တောင်ကိုရီးယားကတော့ ချက်ကိုနိုင်ပြီး မက္ကဆီကိုကို တစ်ပွဲလုံးယှဉ်ကစားပြီး ဂိုးသမားရဲ့အမှားကြောင့် တစ်လုံးတည်းသော ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲမှာတော့ တောင်ကိုရီးယားတို့ တစ်သင်းလုံး အမှားခံလို့ မရတော့ပါဘူး။ ၁ မှတ်ရရုံနဲ့ နောက်တစ်ဆင့်တက်မှာမလို့ ဒီပွဲကို ကျားကုတ်ကျားခဲကစားသွားဖို့ရှိနေပါတယ်။ လက်ရှိခြေစွမ်းနဲ့ စုဖွဲ့မှုအရ တောင်ကိုရီးယားက အသာရနေတာကလည်း အားသာချက်ရှိနေတာကြောင့် ဒီပွဲက တောင်ကိုရီးယားတို့ သရေနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားချင်ပါတယ်။ ဂိုးပေါင်းအတွက်တော့ ဂိုးအောက်ကို ပိုအကြိုက်တွေ့မိပါတယ်။
ခန့်မှန်းဂိုးရလဒ် – တောင်ကိုရီးယား ၁ – ၀ တောင်အာဖရိက (သို့မဟုတ်) တောင်ကိုရီးယား ၀ – ၀ တောင်အာဖရိက
(၆) ချက်နဲ့ မက္ကဆီကို(ဇွန် ၂၅၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲ)
ဒီပွဲမှာ မက္ကဆီကိုက ဂုဏ်သိက္ခာပိုင်းအရ မရှုံးအောင်ပဲ ကစားဖို့ ရှိနေပါတယ်။ ချက်ကတော့ ဖောင်ဖျက်တိုက်ရမယ့်အခြေအနေပါ။ ၁ မှတ်ရထားတာကြောင့် နိုင်ခဲ့ရင် အုပ်စု ဒုတိယမရနိုင်ပေမဲ့ အကောင်းဆုံးတတိယအသင်းအဖြစ် ရနိုင်ခွင့်ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒီလိုနောက်တစ်ဆင့်တက်သွားမယ်ဆိုရင် ကမ္ဘာ့ဖလားရဲ့ ဂုဏ်သိက္ခာအရရော၊ ဆုငွေပိုင်းအရပါ အတော်လေး ကွာခြားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ချက်အသင်းအနေနဲ့ ကြိုးစားကစားလာဖွယ်ရှိပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းနဲ့ အိမ်ရှင်အားသာချက်ရှိနေတဲ့ မက္ကဆီကိုက သရေနဲ့ ကပ်နိုင်ခြေရှိနေပါတယ်။
ခန့်မှန်းဂိုးရလဒ် – မက္ကဆီကို ၁ – ၀ သို့မဟုတ် မက္ကဆီကို ၁ – ၁ ချက်
