အာဆီယံဘုံသဘောတူညီချက်ကို ပြန်သုံးသပ်ရန် စစ်တပ်လွှတ်တော် အတည်ပြုလိုက်သည်မှာ အာဆီယံကို လွှတ်တော်တုနှင့် လှည့်တိုက်နေခြင်းဟုဆို

By MPA

ကမ္ဘာ့အလယ်တွင် ကိုယ်တိုင် ပေးအပ်ခဲ့သည့် ကတိကဝတ်များကို ဖျက်ဆီးပြီးနောက် စစ်အုပ်စုက ၎င်းတို့စိတ်ကြိုက် ဖန်တီးထားသည့် လွှတ်တော်ကိုအသုံးချကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လှည့်တိုက်ရန် ကြိုးပမ်းသည့် နိုင်ငံရေးပြဇာတ်တစ်ခု နေပြည်တော်တွင် ပေါ်ပေါက်လာကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြသည်။

ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဆိုသည်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်ရန် တရားမဝင်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါအဆိုကို ကလောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဆိုသူ ဒေါက်တာနန္ဒာလှမြင့်က ဇွန်လ ၂၆ ရက်နေ့ကတည်းက စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြု လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

အာဆီယံသဘောတူညီချက် ၅ ရပ်သည် မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရဟူသော အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိဟူ၍ ၎င်းတို့က ဆင်ခြေပေးခဲ့ကြသည်။

အဆိုပါအဆိုနှင့်ပတ်သက်၍ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက လာရောက်ရှင်းလင်းခဲ့ပြီး မင်းအောင်လှိုင်တပည့် နာယကတု အောင်လင်းဒွေးက နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပိုမိုအရုပ်ဆိုးစေခဲ့သည်မှာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နေပြည်တော်ဥက္ကဋ္ဌ၊ စစ်တပ်အရာရှိဟောင်း ဦးလှဆွေ (ခ) ဘူးလက်လှဆွေ၏ ဆွေးနွေးချက်ဖြစ်သည်။

၎င်းက လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ အတိုက်အခံ တော်လှန်ရေးအင်အားစုများကို ဖိတ်ခေါ်ဆွေးနွေးနေသဖြင့် အာဆီယံပဋိညာဉ်ကို ချိုးဖောက်နေကြောင်း၊ ထို့ကြောင့် မြန်မာက အာဆီယံမှ မထွက်ဘဲ ဖိလစ်ပိုင်ကသာ နုတ်ထွက်ရမည်ဖြစ်ကြောင်း လွှတ်တော်အတွင်း ရန်ရှာပုတ်ခတ်ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို စောင့်ကြည့်လေ့လာနေသည့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကမူ စစ်အုပ်စု၏ ယခုလုပ်ရပ်သည် အာဆီယံကို လွှတ်တော်အတုဖြင့် လှည့်တိုက်ရန် ကြိုးပမ်းသည့် ကလေးကလားဆန်သော ပရိယာယ်သာဖြစ်ကြောင်း ဝေဖန်သည်။

“တကယ်တော့ ၂၀၂၁ ခုနှစ်က ဂျာကာတာမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒီဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင် လက်မှတ်ထိုးခဲ့ပြီးမှ မြေပြင်မှာ အကြမ်းဖက်မှုတွေ မရပ်တန့်ဘဲ အရပ်သားတွေကို ဆက်လက်သတ်ဖြတ်နေလို့သာ အာဆီယံက သူတို့ကို အဆင့်မြင့်အစည်းအဝေးတွေ တက်ခွင့်ပိတ်ပင်ပြီး အပယ်ခံဘဝရောက်အောင် လုပ်ခဲ့တာပါ။ ဒါကို အခုမှပေါ်လာတဲ့၊ စစ်တပ်ဖန်တီးထားတဲ့ မင်းအောင်လှိုင်အောက်ဆွဲတွေက အာဆီယံကို တိုက်ခိုက်လာတဲ့သဘောပါပဲ” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

၎င်းကပင် ဆက်လက်၍ ယခုဖြစ်စဉ်မှာ သိပ်ကို တွေးဆစရာကောင်းပြီး ဇောက်ထိုးမိုးမျှော် ဖြစ်နေသည်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင်ကတော့ အာဆီယံမိသားစုထဲ ပြန်ဝင်ဆံ့ရန် လာအိုနိုင်ငံအထိ သွားရောက်တိုးလျှိုးတောင်းပန် မျက်နှာလုပ်နေရချိန်တွင် နေပြည်တော်က လွှတ်တော်တုထဲတွင်မူ စစ်လော်ဘီများက ကမ္ဘာကို အာဏာပြပြီး အာဆီယံကနေ နုတ်ထွက်သင့်သည်ဆိုကာ ခြိမ်းခြောက်ပြဇာတ်ခင်းနေခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒါဟာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ဘယ်လောက်အထိ လမ်းပျောက်ပြီး ဗျာများနေလဲဆိုတာ သက်သေပြနေတာပါ” ဟု အဆိုပါနိုင်ငံရေးအကဲခတ်က သုံးသပ်ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ကတိမတည်ဘဲ နိုင်ငံတကာမျက်နှာစာတွင် လူရာမဝင်ဖြစ်နေသည်ကို ဖိလစ်ပိုင်အား အပြစ်ပုံချကာ အာဆီယံကို လွှတ်တော်တုဖြင့် လှည့်တိုက်ပြီး နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ လုပ်ရပ်သည် ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်သိက္ခာကို ပိုမိုအရုပ်ဆိုး အရှက်ကွဲစေရုံသာ ရှိတော့ကြောင်း စောင့်ကြည့်သူများက သုံးသပ်ပြောဆိုနေကြသည်။

ဓာတ်ပုံ – စစ်အုပ်စုမီဒီယာ