မန္တလေးတိုင်း၊မလှိုင်မြို့နယ်အတွင်း အလောင်းများ ထားခဲ့ကာ ရဲကွန်မန်ဒိုစစ်ကြောင်း ဆုတ်ခွာပြေး သွားပြီဖြစ်ကြောင်း သိရသည်။
မလှိုင်မြို့နယ်၊အိမ်ကြီးတောရွာသို့ စစ်ကြောင်းထိုးလာသော ရဲတပ်ရင်း၈၊ တပ်ခွဲတစ်မှ ဒုရဲမှူးကြီး ဇော်ဝင်းထိန် ဦးဆောင်လာသော အင်အား၁၁၀ပါ စစ်ကြောင်းကို ဇူလိုင်၂ရက်တွင် မြင်းခြံခရိုင် PDF တပ်ရင်းတို့က ရွှေဖားဝတ်ဘုရားကျောင်းအနီး၌ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ် ထုတ်ပြန်ချက်နှင့် မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။
“အဲဒီရဲစစ်ကြောင်းက အခု မလှိုင်ထဲကနေ ဆုတ်သွားတယ်။တိုက်ပွဲဖြစ်တဲ့နေရာနားမှာပဲ အလောင်း တွေ ၃၀ကျော်ကျန်ခဲ့တာ ပုပ်ပွနေတယ်။သူတို့ မီးရှို့သွားတဲ့အလောင်းတွေလည်း ရှိသေးတယ်ဆို တော့ ခန့်မှန်းခြေ လေး၊ငါးဆယ်တော့ သေမှာပဲ”ဟု မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်က MPAသို့ ပြောသည်။
ဒုရဲမှူးကြီး ဇော်ဝင်းထိန်က သေဆုံးသွားသည့်ရဲတို့၏ အလောင်းများကို ဖြစ်သလို ထားခဲ့ကာ ၎င်း၏ ရဲဘော်ရဲဘက်စိတ်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ခွေးလုပ်မယ်ဆိုရင် သေတာတောင် လူလိုသူလိုမသေရဘဲ အသေဆိုးမယ်ဆိုတာကို သက် သေပြလိုက်တာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရဲတပ်ရင်း၈သည် မန္တလေးတိုင်းအတွင်း လုံခြုံရေးနှင့်စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြရပြီး ဒုရဲမှူးကြီး ဇော်ဝင်းထိန် ဦးဆောင်လာသော ရဲစစ်ကြောင်းသည် မိတ္ထီလာမြို့နယ်အခြေစိုက် တပ်မ ၉၉ ၏ ကွပ်ကဲမှုဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“မိတ္ထီလာကို ပြန်ဆုတ်သွားတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။
ဇွန်၃ရက်နေ့ တိုက်ပွဲတွင် ရဲစစ်ကြောင်း အရေးနိမ့်နေသဖြင့် စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ် ၂စင်းဖြင့် အနီးကပ်ပစ်ကူခဲ့သေးသည်။
ယင်းတိုက်ပွဲတွင် မျက်မြင်၂ဦး သေဆုံးပြီး ၁၀ဦး လက်နက်ချ အညံ့ခံခဲ့ကာ လက်နက်နှင့် စိန်ပြောင်း မျိုးစုံ အလက်၂၀လက်၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းပစ္စည်းမျိုးစုံတို့ သိမ်းဆည်းရရှိခဲ့ ကြောင်း PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-PDFစစ်ရုံးချုပ်
