မိုင်းလားတပ်ဖွဲ့ စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်တော့မည်ဟု လော်ဘီများ ဖြန့်ဝေလာမှုကို NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ငြင်းဆိုခဲ့သည်။
နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ စစ်ပွဲများနှင့် ကင်းဝေးပြီး အေးချမ်းစွာ နေထိုင်လာခဲ့သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်တပ်လော်ဘီများဘက်က ရေးသားလာခြင်းဖြစ်သည်။
အထူးသဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အထူးဒေသ (၄) မိုင်းလားသို့ ရောက်ရှိခဲ့ပြီး၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ခေါင်းဆောင်အစုအဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ လာရောက်တွေ့ဆုံ ညှိနှိုင်းပြီးနောက်တွင် မိုင်းလားတပ် အင်အား နှစ်သောင်းသည် ခေတ်မီလက်နက်မျိုးစုံဖြင့် စစ်ပြင်နေပြီဟု စစ်တပ်ထောက်ခံသူများက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့် ရေးသားလာကြခြင်း ဖြစ်သည်။
စစ်တပ်လော်ဘီများ၏ ရေးသားချက်များတွင် မိုင်းလားတပ်များအနေဖြင့် ပြည်ထောင်စုတပ်မတော်မှ လိုအပ်သည့်နေရာများကို ကူညီပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ပေးရန် အသင့်ရှိနေပြီဟူသော ပုံစံမျိုးဖြင့် ပြည်တွင်းစစ်ပွဲများတွင် စစ်ကော်မရှင်ဘက်မှ ပါဝင်တိုက်ခိုက်ပေးတော့မည်ဖြစ်ကြောင်း သတင်းအမှားများကို ဖန်တီးထားကြသည်။
“ကျတော်တို့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေနေတယ်နော်။ တကယ်လို့ နိုင်ငံခြားကနေ လာတိုက်ရင်တော့ တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်သွားမှာပါ။ တော်လှန်ရေးအဖွဲ့တွေဖြစ်ဖြစ် ဘယ်အဖွဲ့ဖြစ်ဖြစ် တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ဦးကြည်မြင့်က MPAကို ပြောသည်။
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းတို့ ဇွန် ၁၇ ရက်နေ့က တွေ့ဆုံခဲ့မှုသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလွတ်သဘော ဆွေးနွေးသည့် သံတမန်ရေးခြေလှမ်းတစ်ခုသာ ဖြစ်သည်မှာ ပေါ်လွင်နေသည်။
သို့သော် စစ်တပ်လော်ဘီများကမူ ဤဆွေးနွေးပွဲကို အခွင့်ကောင်းယူကာ စစ်ရေးအရ အထိနာနေသည့် စစ်ကော်မရှင်တပ်များအတွက် စိတ်ဓာတ်မြှင့်တင်ရန်နှင့် အင်အားကြီး တိုင်းရင်းသားတပ်ဖွဲ့တစ်ခုက ၎င်းတို့ဘက်မှ ပါဝင်လာတော့မည့်ဟူသော ကောလာဟလများကို ထုတ်လွှင့်နေကြခြင်း ဖြစ်သည်။
အမှန်တကယ်တွင် မိုင်းလားဒေသသည် ပြီးခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို အခြေခံကာ စီးပွားရေးအရ အလွန်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ထားသည့် နယ်မြေတစ်ခု ဖြစ်သည်။
ထို့ကြောင့် NDAA ခေါင်းဆောင်ပိုင်းအနေဖြင့် ၎င်းတို့ဒေသ၏ တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးအကျိုးစီးပွားများကို အပျက်စီးမခံနိုင်သဖြင့် ပြည်တွင်းစစ်မီး တောက်လောင်နေသည့်အထဲသို့ မလိုအပ်ဘဲ ပါဝင်ပတ်သက်ရန် လုံးဝ တွက်ခြေမကိုက်ဟု ယူဆထားကြသည်။
