စစ်အုပ်စုကို ခေါ်တွေ့သည့် အာဆီယံအား NUG သတိပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သီးသန့်တွေ့ဆုံမှုများသည် အာဏာသိမ်းစစ်တပ်၏ သွေးခွဲအုပ်ချုပ်ရေးဗျူဟာအောက်သို့ အာဆီယံအဖွဲ့ကြီး ရောက်ရှိသွားစေနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံအဖွဲ့သို့ သတိပေးလိုက်သည်။

တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးအရ တန်းတူအဆင့်အတန်းမထားဘဲ ခွဲခြားဆက်ဆံနေခြင်းသည် ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သည့်အပြင် စစ်အုပ်စု၏ နိုင်ငံရေးအမြတ်ထုတ်မှုကိုသာ ခံရလိမ့်မည်ဖြစ်ကြောင်း NUG က ဆိုသည်။

ထိုင်းအစိုးရနှင့် စစ်အုပ်စု၏ နိုင်ငံရေးအရ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ ဘန်ကောက်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၁၂ ရက် ညပိုင်းတွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ ယင်းသို့ ထောက်ပြသတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် NUG က အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားဖြစ်သော နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးတို့အတွက် အာဏာသိမ်းစစ်တပ်နှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးရမှုကို နားလည်လက်ခံနိုင်ကြောင်း သံတမန်ရေးရာ ရင့်ကျက်မှုကို ပြသခဲ့သည်။

သို့သော် ယင်းလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံ၏ သီးခြားသံတမန်ရေးရာ လှုပ်ရှားမှုသာဖြစ်ပြီး အာဆီယံအဖွဲ့ကြီးတစ်ခုလုံး၏ စုပေါင်းရပ်တည်ချက် ပြောင်းလဲသွားခြင်း မဟုတ်ကြောင်း ထောက်ပြထားသည်။

NUG ၏ သုံးသပ်ချက်အရ အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ မြန်မာ့အရေး၌ သံတမန်ရေးရာ တွေ့ဆုံမှုများ မရှိခြင်းကြောင့် မဟုတ်ဘဲ၊ စစ်အုပ်စုဘက်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို လိုက်နာရန် တစိုက်မတ်မတ် ငြင်းဆန်နေခြင်းကသာ အဓိက အဟန့်အတား ဖြစ်နေခြင်း ဖြစ်သည်။

၅ နှစ်ကျော် ကြာလာသည့်တိုင် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို စစ်အုပ်စုက ရပ်တန့်ခြင်းမရှိကြောင်း၊ ယခုကဲ့သို့ အာဆီယံအနေဖြင့် ကွဲပြားသည့် အစုအဖွဲ့များကို တန်းတူညီမျှသည့် နိုင်ငံရေးအဆင့်အတန်း မပေးဘဲ၊ ခိုင်မာသည့် မူဘောင်မရှိဘဲ တကွဲတပြားစီ လိုက်လံတွေ့ဆုံနေခြင်းသည် အာဏာသိမ်းစစ်တပ်အား သွေးခွဲအုပ်ချုပ်ရေးဗျူဟာ (Divide-and-Rule) အသုံးချနိုင်ရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေကြောင်း အလေးအနက် သတိပေးထားသည်။

ထို့ပြင် အာဆီယံ၏ အောင်မြင်မှုနှင့် ဂုဏ်သိက္ခာဆိုသည်မှာ ဆွေးနွေးပွဲ ကျင်းပသည့်အကြိမ်အရေအတွက်ပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ၊ မြေပြင်တွင် အကြမ်းဖက်မှုများ အမှန်တကယ် လျော့ကျသွားခြင်း ရှိ၊ မရှိနှင့် ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ တကယ်ရောက်ရှိခြင်း ရှိ၊ မရှိဟူသော လက်တွေ့ရလဒ်ပေါ်တွင်သာ မူတည်၍ တရားစီရင်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို စစ်အုပ်စုတစ်ခုတည်းက ဆုံးဖြတ်၍မရနိုင်ကြောင်း ပြည်သူလူထုက သက်သေပြပြီးဖြစ်၍ အာဆီယံအနေဖြင့် သွေးခွဲခံရမည့် လမ်းကြောင်းဟောင်းမှ ရုန်းထွက်ရန် လိုအပ်ကြောင်း၊ မြေပြင်ပကတိအရှိတရားအတိုင်း NUG၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် တော်လှန်ရေးအင်အားစုအားလုံးကို မျှတညီညွတ်သည့် မူဘောင်တစ်ခုအောက်တွင် စနစ်တကျ လက်တွဲလုပ်ဆောင်မှသာ စစ်မှန်သော ဒေသတွင်းတည်ငြိမ်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ထောက်ပြတိုက်တွန်းထားသည်။