ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဗုံးကြဲပြီး ပြန်လာသည့် ဂျိုင်ရိုကော်ပတာပျက်ကျကာ သေဆုံးခဲ့သော စစ်သား ၂ဦး၏ အလောင်းကို စစ်တပ်က လာသယ်သွားကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၆ရက်) မွန်းလွဲ တစ်နာရီခွဲခန့်တွင် ဖြူးမြို့နယ်၊ မန်းကျည်းကုန်းတောင်ရွာသို့ ဗုံး ၂လုံးကြဲပြီးပြန်လာသည့် ဂျိုင်ရိုကော်ပတာ ၂စင်းအနက် တစ်စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာကြား၌ ပျက်ကျခဲ့ကြောင်းသိရသည်။
” ဗုံးကြဲအပြန် စက်ချို့ယွင်းပျက်ကျ။စကစ ဂိတ်စခန်းအနီး စကစအဖွဲ့လာရောက်ကောက်ယူပါ တယ်။ အတို၂လက် အလောင်း၂လောင်း ပြန်သယ်သွားတယ်လို့ စကစဂိတ် ဖရဲသီးရဲဘော် အတည်ပြုသလို ပြည်သူထဲကလည်း အတည်ပြု” ဟု ဒေသတွင်း တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်ကျည်းကုန်းတောင်ရွာမှ အသက် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦး နေအိမ်အတွင်းရှိနေစဉ် ဗုံးထိမှန်ကာ ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ်၆လုံး ပျက်စီးခဲ့ ကြောင်းသိရသည်။
” ထိမှန်သေဆုံးသူက အိမ်မှာ ထိုင်နေရင်းပါ။ အောက်ထပ်မှာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ နေ့ခင်းပိုင်း ၁၁နာရီ ၅၅မိနစ်ခန့်ကလည်း မန်းကျည်းကုန်းတောင်ရွာကို မုန်းမြို့အခြေစိုက်ခမရ ၅၉၀မှ အသေခံဒရုန်းတစ်စင်းနှင့် တိုက်ခိုက်ခဲ့ပြီး ၁၂၀မမလက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိကြောင်းသိရသည်။
ဂျိုင်ရိုကော်ပတာတွင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်တွင်တစ်ဦး လိုက်ပါစီးနင်းနိုင်ကြောင်း ပုံမှန်ပျံသန်း အမြန်နှုန်းမှာ တစ်နာရီလျှင် ၉၅ မိုင်နှင့် အမြင့်ဆုံးအမြန်နှုန်းမှာ ၁ နာရီလျှင် မိုင်၁၂၀ နှုန်းရှိပြီး အမြင်ဆုံးပျံတက်နိုင်သော အမြင့်ပေ ၁၂၀၀၀ နှင့် ပျံတက်ရန်လိုအပ်သည့် ပြေးလမ်းအရှည်မှာ ၉၈ ပေဖြစ်ကြောင်းသိရသည်။
ဂျိုင်ရိုကော်ပတာ ပျံသန်းနေနိုင်သည့် ကြာချိန်မှာ ၃ နာရီမှ ၄ နာရီအတွင်းဖြစ်ပြီး အဝေးဆုံးပျံသန်းနိုင်သော အကွာအဝေးသည် ၂၃၅ မိုင်ဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်တပ်သုံး ပါရာမော်တာများကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ချခြင်းနှင့် ရာသီဥတုကြောင့် ပျက်ကျခြင်းများရှိခဲ့သော်လည်း ပဲခူးတိုင်းအတွင်း ယခု ဂျိုင်ရိုကော်ပတာပျက်ကျမှုသည် ပထမဆုံးဖြစ်သည်။
