ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ဆေးဝါး တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လေးဘက်ထောက်သွားခိုင်းပြီး ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များကို စစ်တပ်ဘက်မှ ပြောင်းလာသည့် ဒုထောင်ပိုင်မှူးမှ ဟိန်းဇင်အောင်(ခ)ခြေပြတ်မှ ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
” ဒုထောင်မှူးက ပြောင်းလာတာ မကြာသေးဘူးလို့ သိရပါတယ်။ ဘယ်နှစ်လပိုင်းကပြောင်းတာလဲဆိုတာကိုတော့ ကျမတို့စုံစမ်းနေတုန်းဖြစ်ပါတယ်။ သူပြောင်းလာပြီကတည်းက သူ့ဆီကိုတင်ပြတဲ့သူတွေ အမည်တွေ မှတ်တယ်၊ လေးဘက်ထောက်သွားခိုင်းနေရင်းနဲ့ကို ဝန်ထမ်းတွေကိုရိုက်ခိုင်းတယ်။ တိုက်ထဲကို ပို့တာတွေလုပ်ပါတယ်။ တင်ပြတဲ့ နိုင်ငံရေးအကျဉ်းသားမှန်သမျှကို ရိုက်နှက်နေတာဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင် ဆေးဝါးစောင့်ရှောက်မှုမလုံလောက်ဖြစ်စဉ်များရှိသည့်အတွက် ဆေးဝါးလုံလောက်စွာပေးရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုသည့်အခါ အမည်စာရင်းများမှတ်ယူထားပြီး တင်ပြတောင်းဆိုသူများကို ရိုက်နှက်နေခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရနေသည့် နိုင်ငံရေးအကျဉ်းသားများသည် တိုက်ပိတ်ခံထားရဆဲဖြစ်ပြီး စျေးဘားပို့ဆောင်ခွင့်များကိုလည်း ပိတ်ပင်ထားကာ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ဖြတ်တောက်ထားသဖြင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို စုံစမ်းဆဲဖြစ်ကြောင်း မရောင်နီလင်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ရှာဖွေရေးဝင်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများ၏ စာအုပ်များ၊ လေ့လာရေးလုပ်နေသည့် စာရွက်စာတမ်းများ၊ ထောင်ဆေးရုံမှ ပေးထားသည့် ဆေးဝါးများမှအပ မိသားစုဝင်များမှ ပါဆယ်ပေးပို့ထားသည့် ဆေးဝါးများကို ထောင်အာဏာပိုင်များက သိမ်းဆည်းထား ကြောင်းလည်း သိရသည်။
” ဒုထောင်ပိုင် ရှာဖွေရေးဝင်ရင် ထောင်မှာရှိတဲ့ဆေးဝါးကလွဲရင် အကုန်သိမ်းတယ်။ ဝန်ထမ်းတွေကနေပဲ ပို့ပို့၊ မိသားစုကနေပဲ ပို့ပို့၊ ထောင်စျေးဘားကနေပဲ ဝယ်ဝယ်၊ ပစ္စည်းတွေ အကုန်သိမ်းတယ်။ စာအုပ်ဖတ်တာတွေလည်းလုပ်လို့မရဘူး။ ဘာမှထားလို့မရဘူးဆိုပြီး သိမ်းနေတာမျိုးတွေလုပ်နေပါတယ် ” ဟု ဒိုက်ဦးအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်၄၀ကျော်ရှိသည့်အနက် စစ်တပ်အာဏာသိမ်းပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုအများဆုံး ထောင်(၅)ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်နေကြောင်း PPNMအဖွဲ့က ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်က ဒိုက်ဦးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၁၆ဦးကို ထောင်တွင်း၌ လူစုလူဝေးပြုလုပ်သည်ဟုဆိုကာဒေါက်ခတ်ပြီး တိုက်ပိတ်ခဲ့ကြောင်းလည်း သိရသည်။
” နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားအကျဉ်းသူတွေဆိုတာ ဝန်ထမ်းတွေခိုင်းတာလုပ်ရမယ်၊ အခုဒုထောင်ပိုင်ဆိုရင်လည်း ထောင်ပိုင်ပြောတဲ့အာဏာတည်စေရမယ်ဆိုတဲ့ပုံစံမျိုးတွေ့နေရတယ်။ ဒါကတော့ တရားမမျှတတဲ့အပြင် နိုင်ငံရေးအကျဉ်းသားအခွင့်အရေး၊ လူအခွင့်အရေးတွေကို ချိုးဖောက်နေရာအထင်းသားပဲဖြစ်ပါတယ် ” ဟု မရောင်နီလင်းက ဆိုသည်။
” ထောင်ထဲမှာ ကျမ ငှက်ဖျား ဖြစ်တာတောင် ဆေးက မရဘူး။ သူတို့က(အကျဉ်းဦးစီးဌာန) ဘာဖြစ်ဖြစ် ပါရာစီတမော့ တစ်မျိုးပဲ ပေးတယ်၊ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်လို့ သေရင် တောင်မှဘဲ လူ့အသက်တစ်ချောင်းက သိပ်အရေးမကြီးသလို ဖြစ်နေတယ် “ဟု ဒိုက်ဦးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ အပေါ် ဖိနှိပ်နေသည့် ဖြစ်ရပ်များသည် နိုင်ငံရေးအကျဉ်းသားများ၏ အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအပေါ် ဆိုးရွားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပြီး စိုးရိမ်ရသည့်ခြေအနေတစ်ခုဖြစ်ကြောင်း PPNMအဖွဲ့က အသိပေးထားသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ၊ ဒီဇင်ဘာလ ၂၂ရက်အထိ ဒီမိုက ရေစီအရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသူစုစု ပေါင်း ၃၀၁၆၉ဦးထိ ရှိပြီး ယင်းတို့အနက် ၂၂၆၆၈ဦးသည် အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
