ဆင်ဖြူကျွန်းမြို့အနီး တိုက်ပွဲ ပြင်းထန်၊ စစ်တပ်က လေကြောင်း ပစ်ကူပေးနေရ

ဓာတ်ပုံ - စလင်းမြို့နယ် ပကဖ
ပုံစာ - စိုးမိုးနယ်မြေအတွင်း လမ်းပိုင်း လုံခြုံရေးတာဝန်ယူနေသည့် စလင်း ပကဖ ရဲဘော်များ

မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ ဆင်ဖြူကျွန်းမြို့အနီးရှိဂိတ်ကို တော်လှန်ရေးတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ‌လေကြောင်းပစ်ကူပေးနေကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၅ နာရီခွဲဝန်းကျင်မှစတင်၍ ဆင်ဖြူကျွန်းမြို့ဘက်အခြမ်း၊ နွယ်တမယ်တံတားထိပ်ရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ Y12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

“နွယ်တမယ်တော့ရပြီ။ မြို့ထဲဝင်မရသေးဘူး။ မနက် ၈ နာရီလောက်ကY12လာပြီးကြဲတယ်။ ၄ ခေါက်လောက်လာတယ်။ ခွေးတွေက ဆင်ဖြူကျွန်းမြို့ထဲမှာ တပ်ဖြန့်ထားတယ်လို့သိရ။ ကိုယ့်ဘက် ထိတယ်လို့မကြားသေးဘူးနော်။ ခွေးဘက် အကျအဆုံးလည်း မသိရသေးဘူး”ဟု ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ‌နံနက် ၁၁ နာရီခွဲဝန်းကျင်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဆင်ဖြူကျွန်းမြို့ပေါ်မှ မြို့၏ အနောက်ဘက်နှင့်မြောက်ဘက်သို့ စစ်တပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

“မနက်အစောမှာ ပစ်ကြခတ်ကြတယ်။ စကမက လက်နက်ကြီးနဲ့ မြို့အနောက်ဘက်နဲ့ မြောက်ဘက် ကို ရမ်းထုတယ်။ ရှောင်နေကြရပါပြီ၊ အနောက်ဘက်က ရွာတွေ။အနည်းဆုံး လေး၊ငါးရွာရှိမယ်ဗျ၊ ရှောင်နေရတာ။ ညက မြို့အနောက်ဘက်နဲ့ မြောက်ဘက်ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲတယ်။ အလုံးရေများတယ်။ ည ၁၁ မတ်တင်းလောက်ပေါ့ “ဟု ဒေသခံပြည်သူတစ်ဦးက MPA သို့ပြောသည်။

နွယ်တမယ်တံတားသည် ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာသို့ ဆက်သွယ်ထားသည့် တံတားဖြစ်သည်။

ဆင်ဖြူကျွန်းမြို့‌အနီး တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သတ်၍ စလင်းမြို့နယ် ပကဖ ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း စစ်ရေးဆောင်ရွက်နေဆဲဖြစ်သဖြင့် ထုတ်ပြန်ဖြေကြားခြင်း မပြုနိုင်သေးကြောင်းဆိုသည်။

စလင်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် စလင်းမြို့နယ်အတွင်းရှိ ပြည်သူများ အနေနှင့်လုံခြုံစိတ်ချရပြီး အကာအကွယ်ရှိသည့် နေရာများတွင် နေထိုင်ကြရန်နှင့် လေကြောင်းသတင်းများကို စောင့်ကြည့်ကြရန် စလင်းမြို့နယ် ပကဖက ယနေ့ နေ့လယ်ပိုင်း၌ ထုတ်ပြန်ထားသည်။