ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း သတင်းပေးချက်အရ ဒရုန်းထိန်းချုပ်စခန်းအဖြစ် သံသယရှိသည့် ဟိုတယ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒရုန်း ၁၀ စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း လတ်ကရဘန် Lat Krabang ရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူများအနက်မှ တစ်ဦးက ၎င်းတို့အား ထိုင်းနိုင်ငံသို့လာရောက်၍ ဒရုန်းများ လက်ခံယူရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား ထွက်ဆိုခဲ့သည်။
ဖမ်းဆီးခံရသူများမှာ အသက် ၃၂ နှစ်အရွယ် ဇေထက်အောင်၊ အသက် ၂၄ နှစ်အရွယ် စနေလင်းထက်၊ အသက် ၂၁ နှစ်အရွယ် ကျော်ဇင်ဟိန်း နှင့် အသက် ၃၄ နှစ်အရွယ် သိန်းဇော် တို့ဖြစ်ကြသည်။
၎င်းတို့ကို လေဆိပ်မှ ၃ ကီလိုမီတာခန့်အကွာ လတ်ကရဘန် လမ်းသွယ် ၃၀/၄ ရှိ Grand BS Airport Hotel Suvarnabhumi ဟိုတယ်ခန်းအတွင်း ရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၄ ဦးသည် တနင်္ဂနွေနေ့က “David” အမည်ဖြင့် အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်လုပ်၍ ဟိုတယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စင်းကို အခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူများ၏ ထွက်ဆိုချက်အရ အဆိုပါဒရုန်းများကို မြန်မာနိုင်ငံရှိ “Kevin Zo” ဆိုသူထံ ပို့ဆောင်ရန်ဖြစ်ပြီး ၎င်းမှတစ်ဆင့် မြန်မာစစ်တပ်သို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၀ ရက်က လေဆိပ်အနီးတွင် ဒရုန်းများ အကြိမ်ကြိမ် ပျံသန်းနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ အမျိုးသားလုံခြုံရေးကောင်စီ (NSC) က အရေးကြီးသည့်နေရာများအတွင်း ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် အစီအမံများကို ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ရှာဖွေမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိတွင် သံသယရှိသူများ၏ ဗီဇာများကို ပယ်ဖျက်လိုက်ပြီးနောက် လူဝင်မှုကြီးကြပ်ရေး က ဆက်လက်စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
