အတုအယောင် ရွေးကောက်ပွဲအပြီးတွင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်စလုံးအား စိတ်ကြိုက် ထိန်းချုပ်ရန် ကြံ့ခိုင်ရေး ကြံစည်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

အာဏာသိမ်း စစ်တပ်ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲ အပြီးတွင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်စလုံးအား စိတ်ကြိုက် ထိန်းချုပ်ရန် အတွက် ကြံ့ခိုင်ရေးပါတီ ကြံစည်နေကြောင်း အဆိုပါ ပါတီ အမတ်လောင်း၏ ပြောဆိုမှုအရ သိရသည်။

အဆိုပါ အကြံအစည်အား ကြံ့ခိုင်ရေးပါတီ၏ ပျော်ဘွယ်အမတ်လောင်း ဦးသောင်းအေးက ဒီဇင်ဘာ ၂၂ ရက်တွင် ​ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၄င်းက ယခင် NLD အစိုးရ လက်ထက် လွှတ်တော်တွင် ပြည်သူများ၏ လွတ်လပ်ခွင့်အတွက် ဥပဒေ ပြုပြင် ပြဌာန်းမှုများ ပြုလုပ်ခဲ့ခြင်းကို အပြစ်တင်ကာ ၄င်းတို့ ကြံ့ခိုင်ရေးပါတီက ပြန်လည် ထိန်းချုပ်မည်ဟု ပြောခဲ့သည်။

“အဲ့ဒါကိုမှန်မှန်ကန်ကန်နဲ့ ရှေးအစဉ်အဆက်က လုပ်ခဲ့ကြတယ်။ တစ်ချို့တစ်လေကြတော့ ကိုယ့်အတွက် အန္တရာယ်ဖြစ်တယ်ဆိုတာနဲ့ တိုင်းပြည်အတွက် မကြည့်ဘဲနဲ့ တချို့ဥပဒေတွေ၊ တချို့ အမိန့်တွေကို ပယ်ဖျက်ပစ်လိုက်တယ်။ အဲ့ဒီတော့ တိုင်းပြည်က ဘာဖြစ်လဲ၊ ချောက်ထဲရောက်တာပေါ့။ အဲ့ဒီလို မဖြစ်အောင် ကျတော်တို့က ဒါကြီးကို ထိန်းရမယ်။” ဟု ဦးသောင်းအေးက ပြောသည်။

ဆက်လက်ပြီး ၄င်းက ” အဲ့ဒီတော့ ဥပဒေပြုရေးကိုလည်း ထိန်းရမယ်၊ အစိုးရရဲ့ အုပ်ချုပ်ရေးကိုလည်း ထိန်းရမယ်၊ နောက် တရားစီရင်ရေးကိုလည်း ထိန်းရမယ်” လို့ဦးသောင်းအေးကပြောပါတယ်။” ဟု ကြံ့ခိုင်ရေးပါတီက မဏ္ဍိုင်ကြီး သုံးရပ်စလုံးအား ထိန်းချုပ်မည့် အကြံကို ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတစ်ဦးက ကြံ့ခိုင်ရေး ပါတီသည် အာဏာသိမ်း စစ်ခေါင်းဆောင် အလိုကျ ဒီမိုကရေစီ ဗန်းပြပြီး ပြည်သူ့လွတ်လပ်ခွင့်ကို ထိန်းချုပ် ဖိနှိပ်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်ဟု ​ထောက်ပြဝေဖန်သည်။

” သူတို့က တရားစီရင်ရေးကိုပါ ထိန်းချုပ်ဖို့ ကြံစည်နေတယ် ဆိုကတည်းက ဒါ အာဏာရှင် စရိုက်ပဲ။ မင်းအောင်လှိုင်အလိုကျပဲ။ ဘာနဲ့သွားတူလဲဆိုတော့ ဟစ်တလာ တက်လာပြီး သူ့ နာဇီပါတီက ဒီမိုကရေစီ ဗန်းပြပြီး အာဏာရှင် လုပ်သွားတဲ့ ပုံစံပဲ။ ဟစ်တလာ လက်အောက်မှ တရားစီရင်ရေးဆိုတာလည်း ဟစ်တလာစိတ်ကြိုက်ပဲလေ ” ဟု အဆိုပါ နိုင်ငံရေး လေ့လာသူက ဝေဖန်ပြောဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၄င်း အာဏာသိမ်း အပြီးတွင် ပြည်သူ့လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားသည့် နိုင်လွတ်လုံ ဥပဒေ အပါအဝင် ဥပဒေပေါင်းများစွာကို ၄င်း၏ စိတ်ကြိုက် ​ပြုပြင်ပြောင်းလဲခဲ့ပြီး လူထုအား ဖိနှိပ် အုပ်ချုပ်လျက် ရှိသည်။

အဆိုပါ ဖိနှိပ်မှုများအား ယခုအခါ အတုအယောင် ရွေးကောက်ပွဲမှ တစ်ဆင့် အတုအယောင် လွှတ်တော် ဖန်တီးကာ ဆက်လက် ပြုလုပ်ရန် ကြံစည်လျှက် ရှိနေသည်ကို တွေ့ရသည်။

ထိုသို့ ပြုလုပ်ရန် အတွက်လည်း အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီကို လက်ကိုင်တုပ် အဖြစ် အသုံးချရန် စီစဥ်ထားခြင်း ဖြစ်သည်။

နိုင်ငံအများစုက အာဏာသိမ်း စစ်တပ်ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား တရားမျှတမည် မဟုတ်ဟု ဆိုကြသော်လည်း အာဏာသိမ်း စစ်တပ်က ဂရုမစိုက်ဘဲ စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီ၏ အဓိကပြိုင်ဘက်များကို ဖိနှိပ်ထားခြင်းဖြင့် အတုအယောင် ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြံစည်ပြုလုပ်လျက်ရှိနေသည်။