ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ အင်အားတိုးမြှင့်ရန် အစိုးရက အသုံးစရိတ် ဘတ် ၅ ဘီလီယံကျော်ခွင့်ပြု

ဓာတ်ပုံ - The Nation

ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် လိုအပ်သော စက်ကိရိယာများ ဝယ်ယူရန် အစိုးရက ဘတ် ၅ ဘီလီယံကျော်ခွင့်ပြုပေးလိုက်ကြောင်း ဒီဇင်ဘာ ၂၃ ရက် တွင် အစိုးရအိမ်တော်၌ ပြုလုပ်သော အစည်းအဝေး၌ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ စရီဖွန် အန်ကာဆာကူလ်က ပြောကြားသည်။

အဆိုပါ ဝယ်ယူမည့် အသေးစိတ်အချက်အလက်များကိုမူ လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရအနေဖြင့် စစ်တပ်၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အရေးပေါ် သို့မဟုတ် လိုအပ်ချက်များအတွက် အသုံးပြုရန် သတ်မှတ်ထားသော ၂၀၂၆ ဘဏ္ဍာနှစ် ပင်မဘတ်ဂျက်ထဲမှ ဘတ် ၅.၀၅ ဘီလီယံကို ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြု၍ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော စစ်ဌာနချုပ်၊ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို ထပ်ဆောင်းထောက်ပံ့ပေးရန် အစိုးရအဖွဲ့က သဘောတူခဲ့ကြောင်းလည်း စရီဖွန်ကဆိုသည်။

အဆိုပါ ဘတ်ဂျက်အသုံးပြုမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း လျှို့ဝှက်ထားသော်လည်း ယင်းဆုံးဖြတ်ချက်မှာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နေသည့် ထိုင်းစစ်တပ်ကို အစိုးရက အပြည့်အဝ ထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟု ဆိုသည်။