မန္တလေးမြို့ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( လပခ )တိုင်းမှူးအိမ်ကို ရှော့တိုက်ဒုံး ထိမှန်ခဲ့သည်ဟု ကနဦးသတင်းရရှိကြောင်း Brave Warriors for Myanmar (BWM)က ထုတ်ပြန် သည်။
ယနေ့ ( ဇန်နဝါရီ ၂၇ရက် ) နံနက် ၄နာရီခွဲခန့်တွင် မန္တလေးမြို့ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( လပခ ) ကို ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ရာ ၃လုံးကို အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
” ၅လုံးပစ်ခတ်ခဲ့ရာ ၃လုံးအောင်မြင်ခဲ့ပါတယ်။ ၂လုံးကတော့မထွက်တာပါ။နန်းတွင်း တောင်ဘက် အပေါက်နဲ့၊အရာရှိရိပ်သာ၊ ဟက်စကီးကွင်းနဲ့ တိုင်းမှူးအိမ်ရာကိုပစ်ခတ်ခဲ့တာပါ။ အထိအခိုက်ရှိ တယ်တော့ မြေပြင်သတင်းတွေအရ သိထားတာတွေရှိပါတယ်။ အရေအတွက်နဲ့ ထိခိုက်မှု အသေး စိတ်ကိုတော့ မသိရသေးပါဘူး။ ထပ်သိရရင် သတင်းထပ်ပြီး ထုတ်ပြန်ပါမယ်” ဟု No More Dictatorship (NMD-PDF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် စစ်သားများက မန္တလေးမြို့တွင်း၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကင်းပတ်ခြင်း များလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ပစ်ခတ်မှုအပြီး နန်းတွင်းထဲက ပြန်လည်ပစ်ခတ်တာမျိုးတော့မကြားမိပါဘူး။ အခြားသော စကမ တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုးတွေ ရှိပါတယ်။ မနက် ၅နာရီလောက်ကနေ နေ့လည် ၁၂ နာရီလောက်ထိပစ်ခတ်နေတာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မန္တလေးမြို့ရှိ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရာ မဲရုံများသို့ သွားရောက် ကြည့်ရှုပြီး အပြန်တွင် ယတြာချေရန်အတွက် လပခအတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေကြောင်း၊ ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၄ နာရီ ၄၁ မိနစ်အချိန်တွင် မင်းဝတ်တန် ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန် ရှိသည်ဟု သတင်းရရှိသည့်အတွက် ညတွင်းချင်းစီစဥ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BWM က ထုတ်ပြန်သည်။
မင်းအောင်လှိုင်သည် ဇန်နဝါရီ၂၅ရက်နံနက်ပိုင်းတွင် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်ရှိ စစ်သားများနှင့် တွေ့ဆုံခြင်း၊မန္တလေးမြို့မဲရုံများသို့ လှည့်လည်ခြင်း၊ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊မဟာဝိဇိတာရုံကျောင်းတိုက်သို့ရောက်ရှိခဲ့ခြင်းနှင့် စစ်ကော်မရှင်ခန့် မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ကြောင်းနှင့် ဇန်နဝါရီ၂၆ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန် ထားသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
