တော်လှန်ရေးကာလအတွင်း အချင်းချင်း ပုတ်ခတ်ဝေဖန်ခြင်းထက် အပြန်အလှန် ဖေးမခြင်းကသာ ရလဒ်ကောင်းများကို ဖန်တီးနိုင်မည်ဟုဆို

တော်လှန်ရေးကာလအတွင်း အချင်းချင်း ပုတ်ခတ်ဝေဖန်ခြင်းထက် အပြန်အလှန် ဖေးမခြင်းကသာ ပိုမိုကောင်းမွန်သောရလဒ်များကို ဖန်တီးနိုင်မှာဖြစ်ကြောင်း ယနေ့(မတ်၁၆ရက်)ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးတွင် NUGအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ယနေ့ကာလသည် တော်လှန်ရေးကာလ ဖြစ်သောကြောင့် သမားရိုးကျ လွှတ်တော် မျိုးဖြစ်၍ မရဘဲ တော်လှန်ရေးကာလနှင့် လိုက်ဖက်သင့်တော်သော လွှတ်တော်မျိုး ဖြစ်ရန်လိုအပ်ကြောင်းနှင့် ရှေ့ ကာလများတွင် တော်လှန်ရေး ပုံစံနှင့် ကိုက်ညီသော လွှတ်တော် ဖြစ်အောင် ပုံဖော်ကြရန် တိုက် တွန်းကြောင်း ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးတွင် မိန့်ခွန်း ပြောရာ၌ ထည့် သွင်းပြောကြားခဲ့သည်။

လွှတ်တော်အနေနှင့် တော်လှန်ရေး လှုပ်ရှားမှုများအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်ရန်အ တွက် အထူးသဖြင့် နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တော်လှန် ရေးအစိုးရ ၏ ဖြစ်တည်မှုကို မြှင့်တင်ပေးကြရန်လည်း ဆိုသည်။

“လွှတ်တော်နဲ့ အစိုးရဟာ အပြန်အလှန် အညမည ဖြစ်ဖို့လိုပါတယ်။ ဖီလာဆန့်ကျင်မှုဟာ တော်လှန် ရေးကာလမှာ အင်မတန်မှ အရုပ်ဆိုးပါတယ်။ အခုအချိန်ဟာ ကျွန်တော်တို့အတွက် အင်မတန် အကဲ ဆတ်တဲ့အချိန်ဖြစ်ပါတယ်။ တစ်ချက်လွဲလို့ မရဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လွှတ်တော် အမတ်မင်းများအားလုံး နှိုင်းနှိုင်းချိန်ချိန် ပြုမူကြဖို့ အထူး မေတ္တာရပ်ခံလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ယခုအချိန်တွင် မလုပ်နိုင်လျှင် နောက်မျိုးဆက်များ အနေနှင့် မလွယ်နိုင်တော့ကြောင်းလည်း ယာယီသမ္မတက သတိပေးခဲ့သည်။

“နွေဦးတော်လှန်ရေး အင်အားစု တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါ တယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်”ဟုလည်း ဆိုသည်။

ဆက်လက်ပြီး ယာယီသမ္မတက အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း ရဲရဲဝံ့ဝံ့၊ စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်တိုး လုပ်ဆောင်စရာ လုပ်ငန်းစဉ် များလည်း ရှိနေကြောင်း ပြောကြားသည်။

ယနေ့တွင် ၂၀၂၀ရွေးကောက်ပွဲ၌ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေး ကျင်းပနေသလို စစ်ကော်မရှင်ကလည်း အတုအယောင်လွှတ်တော်ကို စတင်အသက်သွင်းပြီ ဖြစ်သည်။