ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပေါ်တွင် တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ - KPG Update News
ပုံစာ - စစ်တပ် မီးရှို့ခဲ့သည့် ကဗြူရွာ မြင်ကွင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က သေဆုံးသူများရှိကြောင်းသိရသည်။

မတ်လ ၁၅ရက်ကတည်းက ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းရှိ ‌လယ်ကြီးရွာ၊ ကျောက်တံခါးရွာနှင့် အေးရွာတစ်ကြောသို့ စစ်ကြောင်းထိုးလာသည့် တပ်နှင့် ကာကွယ်‌ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

” မနေ့ကတည်းက ဖြစ်နေတာပါ။ ခုထိလည်းဖြစ်နေတုန်းပါပဲ။ အခြေအနေကတော့ ကျောက်ပန်း တောင်း- ညောင်ဦး လမ်းပေါ်မှာ ဖြစ်နေတာမလို့ လမ်းကတော့ အသုံးပြုဖို့အဆင်မပြေပါဘူး။ အေးရွာမှာတော့ စခ ၁၅ ဦးသေပါတယ်။ ကိုယ့်ဘက်ကအထိအခိုက်ဘာညာတွေတော့မသိရသေးပါ။ အေးရွာမှာက အခု လက်နက်ကြီးနဲ့ထုနေတာပါဗျ။ အေးရွာကနေ ထုတာပါ” ဟု KPG Update Newsမှ တာဝန်ရှိသူတစ်ဦးက ယနေ့(မတ်၁၆ရက်)နေ့ခင်း ၁၂နာရီခန့်တွင် MPA ကိုပြောသည်။

တိုက်ပွဲဖြစ်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေများကို မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ယင်းစစ်ကြောင်းသည် မတ်လတစ်ရက်ကတည်းက ကျောက်ပန်းတောင်းမြို့နယ်အတွင်း ထိုးနေ သည့် အင်အား ၇၀ဝန်းကျင်ပါ စစ်ကြောင်းဖြစ်ပြီး မတ်လ ၅ရက်တွင် ကျောက်ပန်းတောင်မြို့ ပေါ်မှ စစ်ကူအင်အား ထပ်မံပို့လာသဖြင့် အင်အား ၁၂၀ ဝန်းကျင်ရှိကြောင်းသိရသည်။

ယင်းစစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၃၀၀ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” စစ်ရှောင်တွေ ကဗြူ၊ စိတ္ထိန်း၊ အေးရွာ ၊လယ်ကြီး အခုတော့ ဒီလောက်ပဲ သိရပါသေးတယ်။ အခြားလည်းရှိပါသေးတယ်ဗျ။ သေချာအတိအကျမသိရလို့ပါ။ တောထဲဘက်တို့၊ မြို့ထဲဘက်တို့ ရှောင်နေကြရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် မတ်လ ၆ရက်က ကျောက်ပန်းတောင်းမြို့နယ်၊ ဗြူရွာက အဘွား ၃ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၂၀၀ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။