မကွေးတိုင်း ၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ မှ စစ်ကြောင်းထွက်လာ ကြောင်း သိရသည်။
ယနေ့(မေလ ၁၈ ရက်) နံနက်ပိုင်းတွင် ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် (အမတ ၃၆၈) မှ အင်အား ၆၀ ဝန်းကျင်ပါစစ်ကြောင်းသည် လက်နက်အပြည့်အစုံဖြင့် ကျောက်ပျဉ်းကျေးရွာနှင့် ငါလွန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်၌ ငါလွန်းကျေးရွာမှ ကျောက်မ ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း ယောအလင်းတန်းက သတင်းထုတ်ပြန်သည်။
“စစ်ကြောင်းက မနက် ၇ နာရီနဲ့ ၈နာရီကြားလောက်မှာ ထွက်လာတာပါဗျ။ ၂နာရီခွဲအထိ အတည်ပြု သတင်းက ကျောက်မကို မရောက်သေးပါဘူး။ ၂ ရွာကြားမှာပဲ ရှိနေကြသေးပါတယ်ဗျ။ဘယ်ကိုဆက် သွားမလဲကတော့ စောင့်ကြည့်ဆဲပါဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှ ထွက်လာပြီး တပြင်းကျေးရွာအနီး ရောက်ရှိနေသော တပ်မ ၉၉ လက်အောက်ခံ အင်အား ၄၀၀ ကျော်ပါသည့်စစ်ကြောင်းကို အကြို ထွက်လာခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းကခန့်မှန်းသည်။
“ကပစ ၂၄ က စစ်ကြောင်းက တပြင်းနားတစ်ဝိုက်မှာလို့ပဲ အတည်ပြုလို့ ရပါသေးတယ်ဗျ။ ပင်တောင်ဘက် ရောက်လာတာမျိုးတော့ မကြားမိသေးပါဘူးဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ကပစ ၂၄ မှ စစ်ကြောင်းသည် မေလ ၉ ရက်မှစတင်ကာ ထွက်ခွာလာခြင်းဖြစ်ပြီး မေလ ၁၄ ရက်တွင် တပြင်းကျေးရွာအနီးသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ကျောက်ထု အမတ ၃၆၈ မှ ထွက်လာသည့် စစ်ကြောင်းကြောင့် လမ်းတစ်လျှောက်ရှိ ကျောက်ပျဉ်း နှင့်ငါလွန်းကျေးရွာမှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း-ML
