အာဏာသိမ်း စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့တွင် အမျိုးသမီး လစဉ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် မြို့ခံအမျိုးသမီးများ အခက်အခဲကြုံတွေ့နေကြရကြောင်း စုံစမ်း သိရှိရသည်။
စစ်တွေမြို့သို့ အမျိုးသမီး လစဉ်သုံး ပစ္စည်းများ တင်သွင်းခွင့်ကို စစ်ကော်မရှင်က ကန့်သတ်ပိတ်ပင်ထားသောကြောင့် ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု အမျိုးသမီးအများစုက ဆိုကြသည်။
စစ်ကော်မရှင်က အမျိုးသမီး လစဉ်သုံးပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အပြင် ကလေးသူငယ်သုံး ဒိုင်ဘာများကိုလည်း တင်သွင်းခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဒီအမျိုးသမီး လစဉ်သုံးပစ္စည်းနဲ့ ကလေးတွေသုံးတဲ့ ဒိုင်ဘာထုပ်တွေကို စစ်တပ်က သယ်ယူခွင့်ပိတ်ထားတာက စစ်ရေးအရ ပိတ်ဆို့ထားတာလို့ ယူဆရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေအတွက်ကတော့ ကျန်းမာရေးအရ စိတ်ပူစရာတွေ ဖြစ်လာတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က ယခုကဲ့သို့ ပိတ်ဆို့ထားမှုသည် အမျိုးသမီးများ၏ ကျန်းမာရေးအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သလို ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်လည်းဖြစ်ကြောင်း အမျိုးသမီးများက ဆိုကြသည်။
ထိုသို့ သယ်ယူတင်သွင်းခွင့် ပိတ်ပင်ကန့်သတ်ထားမှုကြောင့် စစ်တွေမြို့တွင်း၌ ပစ္စည်းပြတ်လပ်ကာ အဝတ်စများနှင့် ပြုလုပ်ထားသည့် လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုနေရကြောင်း ဒေသခံအမျိုးသမီးများက ဆိုသည်။
မြို့တွင်း ကုန်စုံဆိုင်အချို့တွင် ယခင်က တင်သွင်းထားသည့် အမျိုးသမီး လစဉ်သုံးပစ္စည်းလက်ကျန် ရှိသော်လည်း သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သောကြောင့် အသုံးပြုရန် အဆင်မပြေကြပေ။
“မတတ်သာတဲ့အဆုံး အဲဒီသက်တမ်းကုန်နေတဲ့ ပစ္စည်းကို ဈေးကြီးပေးဝယ်သုံးရတာတွေရှိတယ်။ သုံးသာသုံးရတာ ကျန်းမာရေးအရ နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးကျိုးတွေကိုလည်း ကြောက်ရပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
လစဉ်သုံး အထုပ်သေး ၈ ခုပါ တစ်ထုပ်ကို ယခင်က ၁,၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ သက်တမ်းကုန်နေသည့် ထိုအထုပ်သေးတစ်ထုပ်ကို ငွေကျပ် ၇,၀၀၀ ဖြင့် ဝယ်ယူသုံးစွဲနေကြရသည်ဟု ဆိုသည်။
“သက်တမ်းကုန်နေတဲ့ ပစ္စည်းတွေကိုသုံးရင် အမျိုးသမီးတွေအတွက် အရမ်းအန္တရာယ်များပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မှိုစွဲတာတွေလည်း ဖြစ်တတ်ပါတယ်။ လစဉ်သုံးက အမျိုးသမီးတွေအတွက် ကျန်းမာရေးအရ အရေးပါတဲ့ ပစ္စည်းတစ်ခုပါ။ အခုလို မသန့်ရှင်းတာ၊ သက်တမ်းကုန်တာတွေကို သုံးနေကြရတာ အန္တရာယ်များပါတယ်” ဟု ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်ကော်မရှင်သည် ၂၀၂base၅ ခုနှစ်၊ နှစ်လယ်ပိုင်းကစတင်ပြီး စစ်တွေမြို့အတွင်းသို့ အရေးပါသည့် ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ဘက်ပေါင်းစုံက ပိတ်ဆို့ဖြတ်တောက်ထားခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
