ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂုဏ်သိက္ခာကြီးမားသော ၂၀၂၆ ခုနှစ် အာသောကကျောက်တိုင် ကိုယ်ကျင့်တရားခေါင်းဆောင်မှုဆု (Ashoka Pillar Moral Leadership Award 2026) ချီးမြှင့်ခြင်း အခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့်အတူ ငြိမ်းချမ်းရေးသံတမန် ခွေးလိမ္မာလေး အလောက (Aloka) ပါ အထူးတလည် ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကရုဏာတရား ရှေ့ထားခြင်းနှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည့် ဆရာတော် သံဃာတော်များအား ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သော ကိုယ်ကျင့်တရား ခေါင်းဆောင်မှုများအတွက် တရားဝင် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားအတွင်း ဆရာတော်များနှင့်အတူ အမြဲမပြတ် လိုက်ပါလျှောက်လှမ်းလေ့ရှိသည့် ခွေးလိမ္မာလေး အလောကကိုလည်း ၎င်း၏ ငြိမ်းချမ်းသော ခြေလှမ်းများနှင့် လိမ္မာယဉ်ကျေးမှုများအတွက် အသိအမှတ်ပြုကာ အထူးဂုဏ်ပြုတံဆိပ် (Honor Pin) နှင့် လှပသော လက်ရာစုံ ပန်းထိုးအဝတ်စည်း (Embroidered Bandana) တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆရာတော် သံဃာတော်များ၏ ဘေးတွင် ငြိမ်းချမ်းရေးသံတမန်တစ်ဦးကဲ့သို့ လိုက်ပါအမှုထမ်းနေသည့် အလောက၏ လုပ်ရပ်အတွက် ပွဲတက်ရောက်လာသူများက သဘောကျ နှစ်သက်ခဲ့ကြသည်။
အလောကသည် ၂၀၂၂ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် လေလွင့် လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်သော်လည်း အမေရိကန်နိုင်ငံမှ ကြွချီလာသော ဗီယက်နမ်-အမေရိကန် ဗုဒ္ဓဘာသာရဟန်းတော်များ (Hương Đạo ဝိပဿနာရိပ်သာ) သည် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် ရက်ပေါင်း ၁၁၂ ရက်ကြာ သာသနာပြု ငြိမ်းချမ်းရေးလမ်းလျှောက်တွင် ဆရာတော်များနောက်သို့ မခွာတမ်း စတင်လိုက်ပါခဲ့သည်။
လူအုပ်ကြီးထဲတွင် မျက်စိလည် ကျန်ရစ်ခဲ့ပါကလည်း ဆရာတော်များကို မရမက ပြန်လည်ရှာဖွေကာ ခရီးစဉ်တစ်လျှောက် ၁၀၆ ရက်တိုင်တိုင် သစ္စာရှိရှိ အတူတကွ လျှောက်လှမ်းခဲ့သည်။
အိန္ဒိယခရီးစဉ်အတွင်း အာလောကသည် ကားတိုက်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရခြင်းနှင့် အပြင်းအထန် ဖျားနာခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ဆရာတော်များနောက်မှ လိုက်ပါရန် ဇွဲမလျှော့ခဲ့ပေ။
ထို့နောက် အမေရိကန်သို့ ရောက်ရှိပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အာလောကသည် တက္ကဆက်ပြည်နယ်၊ ဖို့တ်ဝပ်သ်မြို့မှ ဝါရှင်တန်ဒီစီ မြို့အထိ မိုင်ပေါင်း ၂,၃၀၀ (ရက်ပေါင်း ၁၂၀ ကြာ) ရှိသော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်းခရီးစဉ်တွင် ဆရာတော်များနှင့်အတူ လိုက်ပါခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အောင်မြင်စွာ ရောက်ရှိခဲ့သည်။
