အားလုံး စုပေါင်းပြီး လက်ရှိမျိုးဆက်နှင့် နောင် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကို ဗဟိုပြုသော ဘင်းမ်စတက် အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် တိုက်တွန်းကြောင်း မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် ဒေသအတွင်းရှိ ကြီးမားသော အလားအလာနှင့် ထိုအလားအလာများကို အသုံးချရာတွင် ညီညွတ်မှု၏ အရေးပါပုံကို သတိပြုမိစေရန် နှိုးဆော် ပေးသည့် အချိန်အခါဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘင်းမ်စတက် အဖွဲ့ကြီးသည် တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုနှင့် မိတ်ဖက်စိတ်ဓာတ်ဟူသော အခြေခံမူများကို လိုက်နာကြရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။
ထို့နောက် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လာမည့် နှစ် (၃၀) ပြည့်တွင် ရရှိခဲ့ပြီးသည့်အောင်မြင်မှုများကို ပြန်လည်သုံးသပ်၍ ပိုမိုမြင့်မားသော ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရမည်ဟုလည်း အပယ်ခံ အာဏာသိမ်းခေါင်းဆောင်က ပြောသည်။
နိုင်ငံတဝန်း ဗုံးပတ်ကြဲနေသည့် စစ်ခေါင်းဆောင်က ပြည်သူကို ဗဟိုပြုရန် တိုက်တွန်းနေသည်မှာ ဟာသသက်သက်သာဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ မဲဆောက်ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“သူက ဆရာကြီးအထာနဲ့ မဟုတ်မမှန်စကားတွေ ပြောနေတာ။ ဘယ်သူမှ သူ့ကို အဖတ်လုပ်ချင်တာမဟုတ်ဘူး။ ပြည်သူကို နေ့တိုင်းသတ်နေပြီး ပြည်သူကို ဗဟိုပြုဖို့ ပြောတာကတော့ ခွေးပါစပ်က နတ်စကားထွက်ဆိုသလိုပဲ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့သည်။
