သွင်းကုန်ခွန်အသစ်များနှင့် ကုန်ကြမ်းစရိတ်ကြီးမြင့်မှုကြောင့် အမေရိကန်၏ ကုန်ထုတ်လုပ်မှုအရှိန် ဇွန်လတွင် အနည်းငယ်ပြန်လည်နှေးကွေး

ဓာတ်ပုံ - Reuters

By Reuters

ပြီးခဲ့သည့် မေလ၌ ၄ နှစ်တာကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ၏ စက်ရုံတွင်း ကုန်ထုတ်လုပ်မှု အရှိန်အဟုန်သည် ဇွန်လတွင် အနည်းငယ် ပြန်လည်နှေးကွေးသွားကြောင်း အမေရိကန် ထောက်ပံ့မှုစီမံခန့်ခွဲရေးအင်စတီကျု (ISM) က ဇူလိုင် ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာနိုင်သည့် ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရှောင်ရှားရန် ကုမ္ပဏီများက ကုန်ပစ္စည်းများကို ကြိုတင်အော်ဒါမှာယူ စုဆောင်းခဲ့ကြသည့် အရှိန်အဟုန်သည် ဇွန်လတွင် ပြန်လည်လျော့ပါးသွားခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာဆန်းစစ်သူများက ဆိုသည်။

ဇွန်လ၏ ကုန်ထုတ်လုပ်မှုညွှန်းကိန်း (Manufacturing PMI) သည် ၅၃ ဒသမ ၃ အထိ အနည်းငယ်လျော့ကျသွားသော်လည်း အမှတ် ၅၀ အထက်တွင် ရှိနေဆဲဖြစ်သဖြင့် အမေရိကန်စီးပွားရေး၏ ၉ ဒသမ ၄ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကုန်ထုတ်လုပ်မှုကဏ္ဍသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်ရှိနေသေးသည်။

လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းသွားပြီး ကုန်ပစ္စည်းပေးသွင်းမှုကွင်းဆက်များ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထို့ပြင် ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ကြောင့် လျှပ်စစ်ပစ္စည်း၊ စက်ယန္တရား၊ သတ္တုလုပ်ငန်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ထုတ်ကုန်လုပ်ငန်း အပါအဝင် လုပ်ငန်းကဏ္ဍပေါင်း ၁၄ ခုအထိ တိုးတက်မှုရှိခဲ့ကာ အမေရိကန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ၆ လဆက်တိုက်အဖြစ် ဆက်လက်တိုးတက်နေသည်။

သို့သော်လည်း ကုန်ပစ္စည်းထုတ်လုပ်မှုတွင် အသုံးပြုရသည့် ကုန်ကြမ်းဈေးနှုန်းများ ဆက်လက်မြင့်မားနေဆဲဖြစ်သည့်အပြင် ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်စည်းကြပ်မှုများကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့သော်လည်း အိမ်ဖြူတော်က ကမ္ဘာလုံးဆိုင်ရာ အခွန်အသစ်ဖြင့် အစားထိုးလိုက်ခြင်းကြောင့် လုပ်ငန်းရှင်အချို့မှာ အခွန်အခများကြောင့် အမြတ်အစွန်း ထိခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

အထူးသဖြင့် AI နည်းပညာတိုးတက်မှုကြောင့် ဆီမီးကွန်ဒတ်တာနှင့် အီလက်ထရွန်နစ် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ ဆက်လက်မြင့်မားနိုင်ကြောင်း သိရသည်။

တစ်ဖက်တွင်မူ အမေရိကန်၏ အလုပ်အကိုင်ဈေးကွက်သည် ပြန်လည်တည်ငြိမ်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံများတွင် ဝန်ထမ်းအသစ်ခေါ်ယူရန် ပြင်ဆင်နေသည့် လုပ်ငန်းရှင်ရာခိုင်နှုန်းသည် မေလက ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ဇွန်လတွင် ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကုမ္ပဏီများ၏ ဝန်ထမ်းအင်အားလျှော့ချမည့် အစီအစဉ်များမှာမူ ၅၃ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားခဲ့သည်။

ယခုကဲ့သို့ ကုန်ထုတ်လုပ်မှုကဏ္ဍ ဆက်လက်တိုးတက်နေသည့် အခြေအနေများကြောင့် အမေရိကန် ဝေါစထရီးစတော့ဈေးကွက် (Wall Street) တွင် ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးသည်လည်း အခြားနိုင်ငံခြားငွေများနှင့်ယှဉ်လျှင် ပြန်လည်အားကောင်းလာခဲ့သည်။

သို့သော်လည်း ကုန်ဈေးနှုန်းများ မြင့်မားနေမှုကြောင့် ငွေကြေးဖောင်းပွမှု ပြန်လည်ဖြစ်လာနိုင်ခြေရှိသဖြင့် အမေရိကန်ဗဟိုဘဏ် (Federal Reserve) အနေဖြင့် ယခုနှစ်အတွင်း အတိုးနှုန်းကို ထပ်မံမြှင့်တင်လာနိုင်ကြောင်း ဘဏ္ဍာရေးဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။