ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်းကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး

ဓာတ်ပုံ - Reuters

လာမည့်ရက်ပိုင်းအတွင်း စတင်ကျင်းပတော့မည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အီရန်အမျိုးသား ဘောလုံးအသင်းကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။

ယခု ဗီဇာခွင့်ပြုချက်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည့် အီရန်နှင့် နယူးဇီလန်အသင်းတို့၏ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် မတိုင်မီ ၁၀ ရက်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အရာရှိများက အီရန်အားကစားသမားများနှင့် လိုအပ်သော ပံ့ပိုးကူညီရေးအဖွဲ့ဝင်များ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် လိုအပ်သည့် ဗီဇာအားလုံးကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

သို့သော် အီရန်အသင်းအနေဖြင့် ယခုဗီဇာစနစ်ကို အလွဲသုံးစားပြုကာ အမေရိကန်နိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများအား အယောင်ဆောင် ခိုးသွင်းလာမည့် လုပ်ရပ်မျိုးကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းတို့က သတိပေးပြောဆိုသည်။

အမေရိကန်၊ ကနေဒါနှင့် မက္ကစီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသည် ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကန်တော့မည်ဖြစ်သည်။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အိမ်ရှင်နိုင်ငံတစ်ခုက ၎င်းနှင့် စစ်မက်ဖြစ်ပွားနေသော ရန်သူနိုင်ငံတစ်ခု၏ အားကစားအသင်းကို ပထမဆုံးအကြိမ် လက်ခံကျင်းပပေးရသည့် ထူးခြားသော ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာသည်။

အီရန်အသင်းသည် ဗီဇာအခက်အခဲများကြောင့် ပြီးခဲ့သည့် မေလနှောင်းပိုင်းက အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ရှိ ဆပ်ဆွန် (Tucson) လေ့ကျင့်ရေးစခန်းမှ မက္ကဆီကိုနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီတာ့ဂျ် (Mehdi Taj) က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် သောကြာနေ့အထိ အီရန်အသင်း၏ နည်းပြအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်အချို့ အမေရိကန်ဗီဇာ မရရှိသေးကြောင်း ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုအပတ်အစောပိုင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အီရန်နိုင်ငံ၏ အင်အားကြီးစစ်တပ်တစ်ခုဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ပတ်သက်ဆက်နွှယ်နေသူ မည်သူ့ကိုမျှ အမေရိကန်သို့ ပေးမဝင်ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ထို့ကြောင့် အီရန်စစ်တပ်တွင် မဖြစ်မနေ စစ်မှုထမ်းခဲ့ရဖူးသည့် အီရန်လက်ရွေးစင်ကစားသမား အချို့အတွက် ဗီဇာပြဿနာ ကျပ်တည်းခဲ့ရပြီးနောက် ယခုကဲ့သို့ ဗီဇာအားလုံးကို အမေရိကန်ဘက်က ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အီရန်ဘောလုံးအဖွဲ့ချုပ်ဘက်ကမူ ယခုဗီဇာရရှိမှုအပေါ် တစ်စုံတစ်ရာ လူသိရှင်ကြား တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။