ဝန်ထမ်းများ လာဘ်မစားရန် လမ်းညွှန်ခဲ့သော မွန်ဝန်ကြီးချုပ် လောင်းကစားလိုင်းကြေး ယူနေပြီဟု ဆို

By MPA

နိုင်ငံ့ဝန်ထမ်းများ လာဘ်မစားကြရန် လမ်းညွှန်ခဲ့သော အစိုးရတု မွန်ပြည်နယ်ဝန်ကြီးချုပ် လောင်း ကစားဝိုင်း လိုင်းကြေးငွေ ရယူနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်ဟု သိရသည်။

မေ၂၉ရက်က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပွဲ တွင် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ဝင်းသန်းက တံစိုးလက်ဆောင်သည် အဆိပ် အတောက်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ လာဘ်မစားကြရန် လမ်းညွှန်ခဲ့သည်။

“မေလထိကတော့ အသံမထွက်ဘူး။အခုမှ ဝန်ကြီးချုပ်ဖြစ်တာဆိုတော့ ဟန်လုပ်ပြီး မယူတာလား၊ အသံမထွက်တာလားတော့ မသိဘူး။အခုဇွန်လထဲကျမှပဲ လုံနယ်ဝန်ကြီးကနေတစ်ဆင့် လောင်းက စား လိုင်းကြေးယူနေတယ်ဆိုပြီး ပြည်နယ်ရုံးကနေ ပြောလာကြတယ်”ဟု ပြည်နယ်အုပ်ချုပ်ရေးရုံး နှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။

တရားမဝင်ဝန်ကြီးချုပ်အောင်ကြည်သိန်း ပြုတ်သွားပြီးနောက် မွန်ပြည်နယ်အတွင်းရှိ လောင်းကစား ဝိုင်းများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကျော်စွာမြင့်က ဆက်လက်တာဝန်ယူခဲ့ပြီး ကျော်စွာ မြင့်မှတစ်ဆင့် အောင်ဝင်သန်းဆီသို့ လိုင်းကြေးပေးနေကြောင်း သိရသည်။
“လောင်းကစားဒိုင်ကြီးတွေက ဝန်ကြီးချုပ်အတွက် ခေါင်းစဉ်နဲ့ လိုင်းကြေးဆက်ရတယ်။ဝန်ကြီးချုပ် က စစ်တပ်က လာတာဆိုတော့ အခုထိ သူတို့စစ်တပ်ချင်းဖြစ်တဲ့ လုံနယ်ဝန်ကြီးကိုပဲ လူယုံပုံစံမျိုး လုပ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ လုံနယ်ဝန်ကြီးကျော်စွာမြင့်သည် ဗိုလ်မှူးကြီးဖြစ်ပြီး စစ်ကောင်စီလက်ထက်ကတည်းက လုံ နယ်ဝန်ကြီး ဖြစ်ခဲ့သောကြောင့် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ကာ လက်ရှိတရားမဝင်ဝန်ကြီးချုပ် အောင်ဝင်သန်းမှာ ရေတပ် ဗိုလ်မှူးချုပ်ဖြစ်သည်။

လက်ရှိတွင် မိုးရာသီသို့ရောက်ရှိပြီဖြစ်၍ မော်လမြိုင်မြို့ပေါ်၌ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်း ခြင်းများ မရှိတော့သော်လည်း မော်လမြိုင်နှင့် ချောင်းဆုံ၌ လောင်းကစားဝိုင်းကြီးနှင့် ကြိတ်ဝိုင်းတို့ ရှိ နေဆဲဖြစ်သည်။

ယခုနှစ် ဖေဖေါ်ဝါရီ၃ရက်က မော်လမြိုင်မြို့၌ ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပ ညာပေးပွဲတွင် တရားမဝင်ဝန်ကြီးချုပ် အောင်ကြည်သိန်းက နိုင်ငံသားများအားလုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် ဝိုင်းဝန်းကြိုးပမ်းကြရန် ပြောကြားခဲ့သေး သည်။

ဓာတ်ပုံ-ဒေသတွင်း စစ်အုပ်စုမီဒီယာ