ထိုင်းတော်ဝင်မင်းသမီးအတွက် KNU တပ်မဟာ (၄) အလံတစ်ဝက်ချ ဝမ်းနည်းခြင်းပြ

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျာကီတီယာဗာ (Princess Bajrakitiyabha) ကွယ်လွန်သွားခဲ့သည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ တပ်မဟာ (၄) လက်အောက်ခံတပ်ဖွဲ့အားလုံး အလံတစ်ဝက်ချထားရန် ညွှန်ကြားထားသည်ဟု ထိုင်းအခြေစိုက် Khaosod English သတင်းဌာနက ဖော်ပြထားသည်။

မြိတ်-ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ကွယ်လွန်သူ တော်ဝင်မင်းသမီး ဘာဂျာကီတီယာဗာ နာရင်ဒီရာဒီဗ်ယာဗာတီ (Her Royal Highness Princess Bajrakitiyabha Narendiradebyavati) အား ဂုဏ်ပြုသောအားဖြင့် အလံတစ်ဝက်ချခြင်း အခမ်းအနားတစ်ရပ်ကို ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ ဘန်းဖုနမ်ရွန် (Ban Phu Nam Ron) အမြဲတမ်းနယ်စပ်ဂိတ်နှင့် မျက်နှာချင်းဆိုင်ရှိ ထီးခီး (Htee Khee) နေရာ၌ နံနက် ၁၀နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ (၄) စစ်ဌာနချုပ်သည် မင်းသမီးအပေါ် လေးစားမှုနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၎င်း၏ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အားလုံးကို အလံတစ်ဝက်ချရန် အမိန့်ထုတ်ပြန် ညွှန်ကြားခဲ့သည်။